Pages

HashOcean

Monday, August 27, 2012

အမေရိကန်တရားရုံး ဆုံးဖြတ်ချက်အပေါ် Samsung အယူခံဝင်မည်


Source: Yatanarpon.com.mm
စမတ်ဖုန်းများနှင့် Tablet ကွန်ပျူတာများ ထုတ်လုပ်ရောင်းချမှုတွင် Samsung က Apple ထံမှ ဒီဇိုင်းကို ခိုးယူခဲ့ကြောင်း  အမေရိကန် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် Samsung က အယူခံဝင်မည် ဖြစ်သည်။ ကယ်လီဖိုးနီးယားရှိ ဆန်းဂျို့စ် တရားရုံးက နည်းပညာ ဘီလူးကြီးများဖြစ်သော ကုမ္ပဏီနှစ်ခု၏ အားပြိုင်ပွဲတွင် Apple ကို အနိုင်ပေးခဲ့ပြီး တောင်ကိုရီးယား ကုမ္ပဏီအား ဒေါ်လာ (၁.၀၅) ဘီလျံ လျော်ကြေးပေးရန် သောကြာနေ့က စီရင်ချက်ချခဲ့သည်။

ယခုအခါ Samsung က တရားရုံး ဆုံးဖြတ်ချက်ကို အယူခံဝင်မည်ဟု ကြေညာခဲ့သည်။ Samsung က ယခုစီရင်ချက်သည် အမေရိကန်တွင် မိမိတို့၏ ဖောက်သည်များအတွက် နစ်နာမှု ဖြစ်စေမည်ဟု ပြောကြားခဲ့သလို Apple သည် အမေရိကန်၏ တရားဥပဒေကို စျေးကွက်လွှမ်းမိုးရေး ရည်ရွယ်ချက်အတွက် ပါးပါးနပ်နပ် အသုံးချခဲ့ခြင်းဟုလည်း စွပ်စွဲခဲ့သည်။ မကြာသေးမီက တောင်ကိုရီးယား တရားရုံးတစ်ခုကမူ ကုမ္ပဏီ နှစ်ခုလုံးသည် တစ်ဦး၏ ဒီဇိုင်းကို တစ်ဦးက ခိုးချထားကြောင်း သတ်မှတ်ခဲ့ပြီး ဗြိတိန်တရားရုံးကမူ Apple ၏ Samsung အပေါ် စွဲချက်အား ပလပ်ခဲ့သည်။ အမေရိကန်တွင် ကာလရှည်ကြာ ဖြစ်နေသော တရားစီရင်မှု၏ အဆုံးသတ် ရလဒ်ကမူ Samsung အတွက် နစ်နာစေရန် ဦးတည်လာခြင်း ဖြစ်သည်။

Samsung ရှယ်ယာစျေးနှုန်း ထိုးကျ

Source: Yatanarpon.com.mm
Samsung အား Apple ၏ ဒီဇိုင်းကို ခိုးယူခဲ့ကြောင်း အမေရိကန် တရားရုံးက ဆုံးဖြတ်ချက်ချပြီးနောက် ယနေ့ စတော့စျေးကွက်တွင် Samsung ၏ ရှယ်ယာစျေးနှုန်းများမှာ ရ ဒသမ ၅ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့သည်။ ယခုကဲ့သို့ Samsung ရှယ်ယာစျေးနှုန်း ရာခိုင်နှုန်းကြီးမားစွာ ကျဆင်းသွားခြင်းမှာ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း AFP သတင်းက ပြောကြားသည်။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားရှိ ဆန်းဂျို့စ်တရားရုံးက Saumsung အား Appl ၏ ဒီဇိုင်းကို ခိုးယူခဲ့ကြောင်း ဆုံးဖြတ်၍ လျော်ကြေးငွေ ၁ ဒသမ ၀၅ ဘီလျံ ပေးလျော်ရန် ပြီးခဲ့သည့် သောကြာနေ့က စီရင်ချက် ချမှတ်ခဲ့သည်။

Tuesday, August 21, 2012

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ကော်ပိုရေးရှင်းအဖြစ် ကုမ္ပဏီများနှင့် ဖဲွ့စည်းမည်ဟုဆို

Source; Yatanarpon.com.mm
အစိုးရက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ဆက်သွယ်ရေး ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ပြီ  ဖြစ်ကာ ယင်းကော်ပိုရေးရှင်းရဲ့ လက်အောက်မှာ ပုဂ္ဂလိက ကုမ္ပဏီလေးခုက မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို လွှဲပြောင်း ဆောင်ရွက်သွားမည် ဖြစ်တယ်လို့ ပြောပါတယ်။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန လက်အောက်မှာ အစိုးရဌာန တစ်ခုအနေနဲ့ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ဆက်လက် တည်ရိှနေမှာဖြစ်ပြီး ယင်းဌာနက
ဆက်သွယ်ရေး ကော်ပိုရေးရှင်း လက်အောက်ရိှ ပုဂ္ဂလိက ကုမ္ပဏီများအား ဥပဒေအရ စီမံခန့်ခဲွရတဲ့ လုပ်ငန်းများ ဆက်လက် လုပ်ကိုင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ယင်းလုပ်ငန်းရဲ့ တာဝန်ရိှသူတစ်ဦး ဖြစ်တဲ့ ဆက်သွယ်ရေး သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးကျော်စိုးက ပြောပါတယ်။ အစိုးရဌာနတစ်ခု အနေနဲ့ ဆက်လက် ကျန်ရိှနေမယ့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနဟာ ဆက်သွယ်ရေး ကော်ပိုရေးရှင်းရဲ့ လက်အောက်မှာ ရိှလာမယ့် မြန်မာတယ်လီကွန်း၊ ရတနာပုံတယ်လီကွန်းနဲ့ အခြားသော အော်ပရေတာကုမ္ပဏီ နှစ်ခုတို့က နိုင်ငံတော်ကို အခွန်အခများ ပုံမှန် ပေးဆောင်နိုင်ဖို့ ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ရန်တို့ကို ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။

ယင်းသို့ အစိုးရက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ ဖွဲ့စည်းပုံများကို ပြုပြင်ပြောင်းလဲလိုက်ရာမှာ ဆက်သွယ်ရေး ကော်ပိုရေးရှင်းအနေနဲ့ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ငွေများကို မှီခို အသုံးမပြုတဲ့ အဖွဲ့အစည်းတစ်ရပ်အဖြစ် ပြောင်းလဲ ဆောင်ရွက်သွားမှာဖြစ်ပြီး ကော်ပိုရေးရှင်းရဲ့ ရန်ပုံငွေနဲ့အတူ နိုင်ငံတကာအဖွဲ့အစည်းများ ထံမှ ချေးငွေများ၊ နည်းပညာ အထောက်အပံ့များနဲ့ လည်ပတ်သွားမည် ဖြစ်တယ်လို့ ဆိုပါတယ်။

“အရင်ကဆို ကြိုက်ကြိုက်၊ မကြိုက်ကြိုက် အမ်ပီတီကိုပဲ ရွေးကြတယ်။ အခုဆို ကိုယ်ကြိုက်တဲ့ ပုဂ္ဂလိ ကုမ္ပဏီတွေကို ရွေးချယ်နိုင်ပြီ။ ပြည်သူတစ်ဦးချင်း လိုလားတဲ့၊ ပြည်သူတစ်ဦးချင်းစီကို အကျိုးပြုပေးနိုင်မယ့် အရည်အသွေးကောင်းတဲ့၊ စျေးချိုစေပြီး လုံခြုံစိတ်ချရမယ့် ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို ပေးနိုင်အောင်လို့ ဒီလိုပြောင်းလဲမှုတွေကို လုပ်လိုက်တာပါ။ ပြည်သူကို ဗဟိုပြုပြီး ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ကျောင်းအုပ်ကြီး ဦးကျော်စိုးက ဖြည့်စွက် ပြောပါတယ်။ ယခုကဲ့သို့ ပြည်တွင်း ဆက်သွယ်ရေးလုပ်ငန်း ဖွဲ့စည်းပုံ ပြောင်းလဲလိုက်ပြီး ပုဂ္ဂလိက ကုမ္ပဏီများ ပါဝင်လာတော့မည် ဆိုသော်လည်း လက်ရိှအခြေအနေထက် ပိုမို ထူးခြားတဲ့ ပြောင်းလဲမှုများကိုမူ မြင်တွေ့နိုင်ဦးမှာ မဟုတ်သေးဘူလို့လည်း ပြည်တွင်းအခြေစိုက် ကွန်ပျူတာပညာရှင် အချို့က သုံးသပ်ပြောကြပါတယ်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ အပြောင်းအလဲနဲ့ ပတ်သက်ပြီး ကွန်ပျူတာပညာရှင် တစ်ဦးဖြစ်သူ ဦးရဲမြတ်သူက “ဒီလို ပြောင်းလိုက်လို့ ဘာမှသိပ်ထူးမှာ မဟုတ်ပါဘူး။ အရင်က အင်တာနက်မကောင်းရင် သုံးစဲွသူတွေက ဆက်သွယ်ရေးကို ပြောကြတယ်။ အခုဆို ပုဂ္ဂလိက ကုမ္ပဏီတွေကို ပြောကြရတော့မှာပေါ့” ဟု ထင်မြင်ချက်ပေး ပြောဆိုပါတယ်၊ ယခုကဲ့သို့ အစိုးရက ပြည်တွင်းဆက်သွယ်ရေး လုပ်ငန်းကို ပုဂ္ဂလိကသို့ ခွဲဝေ လုပ်ကိုင်ခွင့်ပေးလိုက်ခြင်းကြောင့် လာမယ့်နှစ်များမှာ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍဖြစ်တဲ့ မိုဘိုင်းဖုန်းသုံးစဲွမှုနဲ့ အင်တာနက် သုံးစဲွမှုများကို ပုဂ္ဂလိက ကုမ္ပဏီများတွင်သာ ဝယ်ယူနိုင်တော့မည် ဖြစ်ပြီး၊ သို့ရာတွင် ယင်းကုမ္ပဏီများအနေနဲ့ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာသာ ရိှဦးမှာ ဖြစ်ကြောင်း ပြည်တွင်းအခြေစိုက် ကွန်ပျူတာလုပ်ငန်းရှင်နှင့် ပညာရှင်တချို့က ဝေဖန် ထောက်ပြနေကြပါတယ်။

Tuesday, August 14, 2012

2013 ဆီးဂိမ်းအမီ ပြည်တွင်း၌ မာစတာနှင့် ဗီဇာကတ်များ အသုံးပြုနိုင်မည်ဟု ဆို

Source: Internet Journal
၂၀၁၃ ဆီးဂိမ်းအမီ ပြည်တွင်း၌ မာစတာနှင့် ဗီဇာကတ်များ အသုံးပြုနိုင်မည်ကြောင်း CB ဘဏ်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်က ပြောသည်။  လက်ရှိပြည်တွင်း၌ Myanmar Payment Union ကို စတင် အသုံးပြုနိုင်တော့မည် ဖြစ်ပြီး ထိုသို့ အသုံးပြုပြီး ၉ လခန့် အကွာတွင် မာစတာနှင့် ဗီဇာကတ်များ အသုံးပြုနိုင်မည်ဟု ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။ “အစက ဘာလို့ သုံးလို့မရလည်း ဆိုတော့ ဒေ
ါ်လာနဲ့ အခြေချ (Settlement) လုပ်လို့ ဖြစ်တယ်။ မြန်မာကျပ်ကို စင်ကာပူနဲ့၊ မြန်မာကျပ်ကို ရင်းဂစ်နဲ့၊ မြန်မာကျပ်ကို ယွမ်နဲ့ စသဖြင့် ထုတ်ပေးတယ်။ အဲဒါတွေ ထုတ်တဲ့နေရာမှာ အမြဲတမ်း ဒေါ်လာကို အခြေခံပြီး ထုတ်ပေးတာ ဖြစ်ပါတယ်။ အမေရိကန် စီးပွားရေး ပိတ်ဆို့မှုရှိတဲ့အတွက် အစတုန်းက အဲဒါကို လုပ်လို့မရဘူး။ အခု အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေ လာလို့ရအောင် အသုံးပြုနိုင်တဲ့ သဘော ဖြစ်တယ်” ဟု ဦးဖေမြင့်က ပြောသည်။ သို့သော်လည်း တစ်ဖက်သာ ပွင့်သည့်သဘော ဖြစ်ပြီး မျှတသော အခြေအနေ မရောက်သေးကြောင်း ၎င်းက ပြောသည်။ ၂၀၁၃ ခုနှစ်တွင် မာစတာနှင့် ဗီဇာကတ်များ အသုံးပြုနိုင်မည် ဖြစ်ခြင်း၏ အခြေခံအဖြစ် လက်ရှိအချိန်တွင် ATM ကတ်များကို နေရာအနှံ့ အသုံးပြုနိုင်ပြီဖြစ်ကြောင်း လာမည့် စက်တင်ဘာမှ စတင်ကာ MPU ကတ်ကိုလည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ MPU ကို ဖော်ဆောင်ရာတွင် ငွေသားကို ကိုင်တွယ်သုံးစွဲ ပေးချေနေရာမှ ငွေသားကဲ့သို့ တန်ဖိုးရှိသော ကတ်များဖြင့် စက်ကိရိယာနှင့် ဆက်သွယ်မှုကွန်ရက်ကို အသုံးပြု၍ ထုတ်ဝေသည့် ဘဏ်၊ အဖွဲ့အစည်း၊ သုံးစွဲသည့် ပြည်သူလူထု၊ လက်ခံသည့် ကုမ္ပဏီ၊ ဆိုင်တို့အကြား အပြန်အလှန် ယုံကြည် စိတ်ချစွာဖြင့် သုံးစွဲနိုင်ကြသည့် စနစ်ကို ဖော်ဆောင်ရခြင်း ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။

Wikileaks ဝက်ဘ်ဆိုက် ငါးရက်ကြာ တိုက်ခိုက်ခံခဲ့ရ

 Source: Internet Journal
လျှို့ဝှက်ချက်များ ဖော်ထုတ်ရာတွင် နာမည်ကြီးသည့် Wikileaks  အဖွဲ့၏ ဝက်ဘ်ဆိုက်သည် ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့မှ စတင်ပြီး အလွန် ပြင်းထန်သည့် Distributed Denial of Service (DDoS) တိုက်ခိုက်မှုကို ငါးရက်ကြာ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။  Wikileaks ဝက်ဘ်ဆိုက်သည် ပြီးခဲ့သည့် မေလအတွင်းကလည်း အလားတူ တိုက်ခိုက်မှုမျိုး ကြုံတွေ့ခဲ့ရပြီး ထိုအချိန်က
တိုက်ခိုက်ခံရချိန် လေးရက် ကြာမြင့်ခဲ့သည်။ Wikileaks ၏ donation စာမျက်နှာနှင့် FDNN  portal  တို့ တိုက်ခိုက်ခံခဲ့ရပြီး အဆိုပါ DDoS တိုက်ခိုက်မှုသည် Wikileaks ၏ အစီအစဉ်များကို တားမြစ် နှောင့်ယှက်လိုခြင်းကြောင့် ဖြစ်နိုင်ကြောင်း Startfor က သုံးသပ် ပြောကြားခဲ့သည်။ ဟက်ကာများ အနေဖြင့် Wikileaks အပြင် ၎င်းနှင့် ပတ်သက်နေသော Cabledrum, FDNN, WL Central နှင့် Justice for Assange ဝက်ဘ်ဆိုက်တု့ိကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။ Wikileaks မှ အဆိုပါ တိုက်ခိုက်ခံရမှုအတွက် AntiLeaks အမည်ရှိ ဟက်ကာ အဖွဲ့တစ်ဖွဲ့ကို စွပ်စွဲ ပြောဆိုခဲ့သော်လည်း ၎င်းတို့ကမူ ငြင်းဆိုခဲ့သည်။ Wikileaks သည် ၎င်းတို့အဖွဲ့အစည်း၏ လုပ်ငန်းများအတွက် Wikileaks များ ထပ်မံဝယ်ယူနိုင်ရန် အွန်လိုင်းမှ တစ်ဆင့် အလှူငွေ ကောက်ခံလျက်ရှိပြီး donation စာမျက်နှာ တိုက်ခိုက်ခံရသော်လည်း  shop.wikileaks.org/ donate စာမျက်နှာတွင် bandwidth ဝယ်ယူရန် အတွက် လှူဒါန်းနိုင်ကြောင်း Twitter တွင် ဖော်ပြထားသည်။