Pages

HashOcean

Friday, January 4, 2013

အင်တာနက် အသုံးပြုရာတွင် အမည်ရင်းဖြင့် အသုံးပြုရေး တရုတ်နိုင်ငံတွင် ထုတ်ပြန်

 Source: http://news.yatanarpon.com.mm/news/news-73673
တရုတ်အစိုးရသည် အင်တာနက် အသုံးပြုမှုအပေါ် ထပ်မံတင်းကျပ်သည့် အနေဖြင့် နိုင်ငံတစ်ဝန်း အင်တာနက် အသုံးပြုသူများအား အမည်ရင်း အစစ်မှန်ဖြင့် သုံးစဲြွကရန် ဥပဒေ စည်းမျဉ်းသစ်များ ထုတ်ပြန်လိုက်ကြောင်း  သိရသည်။ နိုင်ငံ၏အဓိက ဥပဒေပြုအဖဲွ့ဖြစ်သော အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) သည် ယခုစည်းမျဉ်းများကို ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်သည့် အစည်းအဝေး၌ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ ဆင်ဟွာ၏ ဖော်ပြချက်၌ “ဆက်သွယ်ရေး ကွန်ရက် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ၊ အဖဲွ့တွေဟာ အင်တာနက် အသုံးပြုသူတွေကို အင်တာနက် ချိတ်ဆက်ခြင်း၊ အထိုင်လိုင်းဖုန်းသုံးခြင်း (သို့မဟုတ်) မိုဘိုင်းဖုန်း ဆက်သွယ်ခြင်းတို့ ပြုလုပ်တဲ့အခါ စစ်မှန်တဲ့ ကိုယ်ရေးအထောက်အထား အချက်အလက်တွေကို ပေးအပ်ကြဖို့ တောင်းဆိုပါလိမ့်မယ်” ဟု ဖော်ပြထားသည်။
တရုတ်နိုင်ငံတွင် အမေရိကန်မှ တွစ်တာ ဝက်ဘ်ဆိုက်ကဲ့သို့ပင် လူသုံးများသော လူမှုကွန်ရက်နှင့် ဘလော့ဂ်ဆိုက်များတွင် အာဏာပိုင်များ၏ အမှားအယွင်းများကို ဝေဖန်မှုများ၊ အစိုးရ၏ ခြစားမှုများကို ဖော်ထုတ် ပြောဆိုမှုများမှာ ခေတ်စားသည်။ ဘေကျင်းသည် ၎င်း၏ နိုင်ငံတွင်း အင်တာနက် အသုံးပြုမှုကို နည်းမျိုးစုံဖြင့် ဆင်ဆာပြုလုပ်ပြီး ကန့်သတ်ထားလေ့ ရှိသည်။ တရုတ်နိုင်ငံပိုင် မီဒီယာကမူ ယခုကဲ့သို့ အသုံးပြုသူများ၏ အမည်အစစ်အမှန်များ ဖော်ပြစေခြင်းမှာ နိုင်ငံ၏ လုံခြုံရေး ကာကွယ်ရန်နှင့် အသုံးပြုသူများကို ကာကွယ်ပေးရန်ဖြစ်ပြီး အသုံးပြုသူများ အနေဖြင့်  အမည်ရင်းနှင့် မှတ်ပုံတင် ထားသော်လည်း ၎င်းတို့၏ တင်ပြချက်များကို အင်တာနက်ပေါ်တွင် နှစ်သက်ရာ အခြားအမည်များဖြင့် တင်ပြခွင့်ပေးထားကြောင်း ဖော်ပြသည်။ ဆင်ဟွာသတင်း၏ အဆိုအရ ပြီးခဲ့သည့် လအထိ တရုတ်နိုင်ငံတွင် အထိုင်ဖုန်း အသုံးပြုသူ အားလုံးနီးပါးနှင့် မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူ ရ၀ ရာခိုင်နှုန်းခန့်သည် ၎င်းတို့၏ ကိုယ်ပိုင် အမည်ရင်းများဖြင့် မှတ်ပုံတင် အသုံးပြုနေကြောင်း အစိုးရ၏ သတင်းနည်းပညာနှင့် စက်မှုဝန်ကြီးဌာနကို ကိုးကား ဖော်ပြထားသည်ကို တွေ့ရသည်။

No comments: